တံတား ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အမှား၊ အမှန်းကိုဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးဖြူလွင်က လူကုန်ကူးမှုပြသာနာတွေ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်တွေကို ငွေကြေးနှင့် သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းတွေ လိမ်ညာခိုင်စေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသူများကို အခြားနိုင်ငံသားများဖြင့် ထိမ်းမြားလက်ထပ်စေခြင်း စသော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ လူ့အသိုက်အဝန်းကို ဆုတ်ယုတ်ပျက်စီးစေကြောင်း၊ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကိုတိုက်ဖျက်ရာတွင် လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်သင့်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)