ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အသင်းမှ ပထမဆုရရှိ

တာချီလိတ်    ဇူလိုင်  ၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိတောင်ကြီးမြို့၌ ယှဉ်ပြိုင်ကျင်းပခဲ့ရာ တာချီလိတ်မြို့နယ်အမျိုးသမီးဘောလုံးအသင်းမှ ဗိုလ်လုပွဲသို့တက်ရောက်ကာ အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို  ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဗိုလ်လုပွဲကို ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက  တာချီလိတ်မြို့နယ် အသင်းနှင့်ညောင်ရွှေမြို့နယ်အသင်းတို့ ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားကြရာ တာချီလိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး‌‌ ဘောလုံးပြိုင်ပွဲများတွင် တာချီလိတ်မြို့နယ်အ‌နေဖြင့် ပထမဆုများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျင်းပသည့် မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အသင်းမှ ညောင်ရွှေမြို့နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပသည့် မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အသင်းမှ ညောင်ရွှေမြို့နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အသင်းမှ ညောင်ရွှေမြို့နယ် အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိဗိုလ်စွဲကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)