အမရပူရ ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အိုးတော်ရပ်ကွက်၌ ယမန်နေ့နံနက်(၉း၃၀)ချိန်က အဆိုပါရပ်ကွက်ရှိ ရှင်စောလုဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်ပြီး ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဟောပြောပွဲအပြီးတွင် ပြည်သူများလေ့လာနိုင်စေရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေသော လက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းထံမှ သိရသည်။ ယင်းလက်ကမ်းစာစောင်တွင် စာရင်းကောက်များက တစ်အိမ်တက်ဆင်း Mobile Tablet ဖြင့် ကောက်ယူမည့် အကြောင်း၊ သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းထည့်ကောက်ရမည်သူများ၊ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ တစ်အိမ်တက်ဆင်းကောက်ယူရာတွင် ဖြေဆိုပေးရမည့်အချက်များ၊ ၂၀၁၃ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေစသည့်အချက်များစွာပါဝင်ကြောင်း သိရသည်။
စိုးသီဟ(အမရ)