ကျောက်ဖြူ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးခြံဝန်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဟံစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းတို့က ကျွန်း၊ ပျဉ်းကတိုး၊ သင်းကနက်၊ ပိတောက်နှင့် ခရေပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကျောက်ဖြူမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပွဲတွင် ကျွန်း(၂၀)၊ ပျဉ်းကတိုး(၂၀)၊ ပိတောက်(၂၀)၊ ခရေ (၂၀)၊ သင်းကနက်(၂၀)နှင့် မန်ဂျန်ရှား(၉၀၀) စုစုပေါင်း သစ်ပင် ၁၀၀၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)