ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အောင်မြသာစံမြို့နယ်၊ လူငယ်သင်တန်းကျောင်းတွင်ပြုလုပ်

မန္တလေး ဇူလိုင်၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ဇင်ထွန်းနှင့်ကျောင်းသားများ တက်ရောက်ကြသည်။

အစီအစဉ်အရ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ဦးခြင်းပေးအပ်ကြသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများနှင့် လူငယ်သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ဇီဝအချက်အလက်စာရင်း (UID)ကောက်ယူနေမှုများကို ကြည့်ရှုအားပေးကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းသား(၁၇၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ပြီး ကျောင်းသားများ၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်စုစုပေါင်း(၂၅၀)ဦးတို့အား ဇီဝအချက်အလက်စာရင်း (UID)ကောက်ယူပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)