မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မိုဘိုင်းစာကြည့်တိုက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ဝန်ထမ်းများက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား သုတ၊ ရသစာအုပ်စာစောင်များကို ဌားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့် စာအုပ်များ သိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲမင်းအောင် (ပြန်/ဆက်)