ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲများကျင်းပ

ကျောက်တလုံးကြီ ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသား/သူများ ပညာရည်မြင့်မားရေးနှင့်အတူ ကိုယ်ကာယစွမ်းရည်များ ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မိုးရာသီအားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အ.ထ.က ကျောက်တလုံးကြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက အားကစားအဓိဋ္ဌာန်ကို ရွတ်ဆိုကာ အသက် ၁၆ နှစ်အောက်နှင့် ၁၃ နှစ်အောက် ပြိုင်ပွဲများကို ကဏ္ဍအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် အသက် ၁၆ နှစ်အောက် ကျောင်းသား/ သူများအတွက် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ မီတာ ၈၀၀ လက်ဆင့်ကမ်း၊ သုံးချောင်းထောက်၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများကိုလည်းကောင်း၊ အသက် ၁၃ နှစ်အောက် ကျောင်းသား/သူများအတွက် ဘောလုံး၊ ပြေးခုန်ပစ်၊ မီတာ ၁၀၀၊ ၂၀၀၊ မီတာ ၄၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများကိုလည်းကောင်း ကျင်းပပေးလျက်ရှိပြီး ပြိုင်ပွဲကို ရက်သတ္တပတ်ကြာကျင်းပပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း