မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်  မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၃

၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ကြာအင်းရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပြီး သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာ အမျိုးသမီးများဟာ ပြည်သူတစ်ရပ်လုံးနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု အများဆုံးခံစားကြရသည့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် လေပြင်းတိုက်ခတ်မှုများ၊ ဆားငန်ရေဝင်ရောက်မှုများ၊ ရေကြီးရေလျှံမှုများကို တားဆီးကာကွယ်ရန်နှင့် ဒေသနှင့်ကိုက်ညီသော လေပြင်း မုန်တိုင်းဒဏ်ခံနိုင်သည့် ကြီးမြန်သစ်မျိုးများ စိုက်ပျိုးကြခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကို လျော့ပါးသက်သာစေနိုင်ပါကြောင်း၊ ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သောအပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့်အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး အပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်နှင့် အောင်မြင်အောင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ရမှာဖြစ်ပြီး အများပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် သစ်တောသစ်ပင်များက ပံ့ပိုးသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှု၊ အလေးထားမှု စိတ်ဓါတ်များဖြင့်  ပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက် မှု ကြီးကြပ်မှုအဖွဲ့ဝင်များ၊ တက်ရောက်လာသူများမှ သစ်မာအမျိုးအစားများဖြစ်သော မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ခရေ၊ ကံ့ကော်စသည့် သစ်မျိုး(၅)မျိုး အပင်အရေအတွက် (၇၀၀)ပင် မိုးရာသီ သစ်ပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြပြီး တက်ရောက် လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)