တာမွေ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်း/နယ်ဝေးခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၃/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသောမီဒီယာများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်များ၏ ယာဉ်စည်းကမ်းဖောက်ဖျက်ကျူးလွန်မှုများနှင့် ပြစ်မှုပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေသည့် အခြေအနေများ၊ YBS ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ၊ YBS ယာဉ်များပေါ်တွင် စပယ်ယာတင်ဆောင်မောင်းနှင်ခြင်းမပြုရ စာတန်းပါစတေကာများ ကပ်ထားဆောင်ရွက်မည့် အခြေအနေများ၊ ရန်ကုန်-ပဲခူး အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးနေသည့် အခြေအနေများ၊ ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးနေသည့် အခြေအနေများ၊ YBS ယာဉ်မောင်းများအား စိစစ်ခန့်အပ်ပေးနေမှု အခြေအနေများ၊ YBS ယာဉ်များပေါ်တွင် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ လိုက်ပါစီးနင်းနိုင်ရေးအတွက် စောင့်ကြည့်ကင်မရာ (CCTV) များ မတပ်ဆင်ရသေးသည့်ယာဉ်များအား စောင့်ကြည့်ကင်မရာ (CCTV)များ တပ်ဆင်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ဝန်ဆောင်မှုလုပ်ငန်း မျာနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)