ပုဗ္ဗသီရိ ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ဝေဝေလွင်နှင့် ဝန်ထမ်းများက ရပ်ကွက်ရှိ မွေးစမှ (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကိုထိုးနှံပေးပြီး ကာကွယ်ဆေး ဆေးထိုးမှတ်တမ်းများတွင် စနစ်တကျ မှတ်တမ်းရေးသွင်းပေးခဲ့သည်။ ယင်းပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများမှ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေး ထိုးနှံခြင်းများ၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)