ကျောက်ဆည် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင်၊ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို (သီရဂူ-ကျောက်ဆည်)က ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူးများ၊ အသိပညာနှင့် အတတ်ပညာ ပေါင်းစပ်မှ တန်ဖိုးရှိသည့် လူတစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိတ်ထားမြင့်မြတ်ကောင်းမွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်ပါ ပညာရေးအစ..စာအုပ်များဖြင့် အစပြု၊ လူငယ်နှင့်အမြင်၊ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်၊ လူမျိုးမြင့်ဖို့ စာဖတ်စို့ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ တစ်ဦးနှင့်တစ်ဦးချစ်ခင် ရင်းနှီးမှုပိုမိုရရှိရေး၊ အတွေးအမြင်များ ဖလှယ်နိုင်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာဖတ်ဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)