စဉ့်ကိုင် ဇူလိုင် ၃
၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ တရုတ်စုရပ်ကွက်ရှိ၊ အ.လ.က(ခွဲ)(တရုတ်စု)၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်အဖွဲ့၀င်တို့က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များအား ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိန်ပန်း(၅)ပင်၊ ခရေ(၂၀)ပင်၊ သုံးပန်လှ(၂၀)ပင်၊ မန်ကျည်း(၃၀)ပင်၊ မယ်ဇယ်(၂၀)ပင်၊ ဗန်ဒါ(၂၀)ပင် စုစုပေါင်းစိုက်ပျိုးပင်(၁၁၅)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်၀န်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းအင်အား(၁၅၅)ဦး တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ(စဉ့်ကိုင်)
မြို့နယ်(ပြန်/ဆက်)