အခွန်ပညာပေးရှင်းလင်းပွဲ သုံးခွမြို့၌ ကျင်းပ

သုံးခွ ဇူလိုင် ၃

နိုင်ငံတော်အစိုးရ၏ ရသင့်ရထိုက်သော အခွန်ငွေများကို လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အခွန်ကောက်ခံရရှိမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး မြို့နယ်အခွန်ကောက်ခံရရှိမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးအောင်ဝင်းမှ ကုန်သွယ်လုပ်ငန်းခွန်နှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များရှင်းလင်းပြောကြားရာတွင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ၁၉၉၀ ပြည့်နှစ်မှာ စတင်ပြဠာန်းခဲ့ပြီး တစ်နိုင်ငံလုံးကိုစတင်အကျိုးသက်ရောက်စေခဲ့ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရာတွင် ကုန်သွယ်မှုဆောင်ရွက်သူ ၊ကုန်ထုတ်လုပ်မှုဆောင်ရွက်သူ၊ ဝန်ဆောင်မှုဆောင်ရွက်သူတို့က ပေးဆောင်ရာမှာဖြစ်ကြောင်း၊ ဝန်ဆောင်မှုဆောင်ရွက်သူဆိုတာကတော့ စက်ရုံငှားရမ်းခြင်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ရွှေထည်နှင့်လက်ဝတ်ရတနာရောင်းချသည့် ဆိုင်လုပ်ငန်းများ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းရောင်းချဆိုင်းများဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အခွန်ကောက်ခံရရှိမှုအထောက် အကူပြုအဖွဲ့အဖွဲ့ဝင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးမိုးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး တက်ရောက်လာသော ရွှေဆိုင်၊ စားသောက်ဆိုင်၊ ဟန်းဆက်ဆိုင်များရှိ အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)