မန္တလေး ဇူလိုင်၃
၂၀၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး (မန္တလေးမြို့တော်ဝန်) ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးအသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမာများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကျောက်ဆည်ခရိုင်အသင်းနှင့် ရမည်းသင်းခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ရမည်းသင်းခရိုင်အသင်းက ကျောက်ဆည်ခရိုင်အသင်းအား နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ အားကစားပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆု (၁) သိန်းကျပ်စီကိုလည်းကောင်း၊ တတိယဆုရမဟာအောင်မြေခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၈) သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရ ကျောက်ဆည်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသား ဆု (၁၀) သိန်းကျပ်ကိုလည်းကောင်း၊ပထမဆုရ ရမည်းသင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြင့်ပေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပထမဆုရ ရမည်းသင်းခရိုင်အသင်းအား ပထမဆုတံခွန်စိုက်ဖလားနှင့် ငွေသားဆု (၁၂) သိန်းကျပ်ကို ချီးမြှင်ပေးကာ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)