တပ်ကုန်း ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ပေါက်ပင်သာကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သင်ကြားသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဦးလှငွေ၏ ဝိုင်းခြံအတွင်း ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းသူများအနေဖြင့် ဆပ်ပြာ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း အတတ်ပညာရပ်များကို တတ်မြောက်အောင်သင်ယူပြီး၊ အရည်အသွေးကောင်းမွန်အောင်ပြုလုပ်ရန်၊ ထုတ်ပိုးစနစ်ကောင်းမွန်ရန် ကြိုးစားကြရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိအောင် ဆိုင်ကြီးများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်ကြရန် လမ်းညွန်မှာကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၂၂ ဦး တက်ရောက်သင်ကြားပြီး၊ သင်တန်းကာလ ဇူလိုင် ၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ သင်တန်းနည်းပြ ဆရာမ ဒေါ်ဆွေက စာတွေ့၊ လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်