မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသော ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၃

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်၊ ပြည်နယ်သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု‌စေ‌ရေးအတွက် သမဝါယမလုပ်ငန်းစဉ်များကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ပိုင်ရင်းနှီးငွေများဖြင့် ဆောင်ရွက်နေကြသော သမဝါယမအသင်းများရှိသကဲ့သို့ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းစုများသို့လည်း ချေးငွေများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းနယ်ပယ်အသီးသီးတွင်ရှိကြသည့် သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင်များ၊ အသင်းဝန်ထမ်းများ၏ အခန်းကဏ္ဍကိုလည်း များစွာအသိအမှတ်ပြုပါကြောင်းနှင့် သမဝါယမအသင်းများအနေဖြင့် အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အားသာချက်များ၊ အားနည်းချက်များကို ပေါင်းစပ်၊ စုဖွဲ့၊ ညှိနှိုင်းကာ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က EXIM Bank ချေးငွေကျန်များအတွက် Exchange Loss နှင့် ပေးသွင်းရမည့်ငွေများ တာဝန်ကြေပေးသွင်းပြီးဖြစ်သည့် မော်လမြိုင် မြို့နယ်သမဝါယမအသင်းစုအား ဂုဏ်ပြုဆုနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ချီးမြင့်သည့် စီမံခန့်ခွဲရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိခဲ့သည့် မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ခင်မာအေးအား ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ၂ဝ၂၃ - ၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး(၅) ဘာသာဖြင့် အောင်မြင်မှုခဲ့သည့် ဝန်ထမ်းသား၊ သမီးအား ဂုဏ်ပြုဆုနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် (ဖောင်ကြီး)တွင် စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၉၂)တွင် သေနတ်ပစ်ထူးချွန်ဆုနှင့် စစ်ရေးပြထူးချွန်ဆု ဆု(၂)ဆုရရှိခဲ့သည့် မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေးဝန်ထမ်းအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးများမှ ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် (ဖောင်ကြီး)တွင် ထူးချွန်ဆုရရှိကြသူများအားလည်းကောင်း၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ စာစီစာကုံးပြိုင်ပွဲ ပထမ၊  ဒုတိယ၊ တတိယဆုရ ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မွန်ပြည်နယ်သမဝါယမအသင်းစုဥက္ကဋ္ဌမှ သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ အသင်းစုချုပ်အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား ဆန်၊ ဆီ၊ စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)