လှိုင်သာယာ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်မှစ၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ အမျိုးသမီးများအကြမ်းဖက်ခံရမှု အမျိုးအစား(၅)မျိုးအကြောင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ရန်အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာများကို အင်းစိန်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်ဆွေရီမြင့်မှ ရှင်းလင်းပြောကြားပြီး အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအကြောင်းကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ကြည်ကြည်မြင့်မြတ်မှ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တာ၀န်ခံမြို့နယ်ပညာရေးမှူး ဒေါ်မြတ်သူဇာမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်းနှင့် မြန်မာအမျိုးသမီးများနေ့အကြောင်း သိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)