ပေါင် ဇူလိုင် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံပန်းရန်သင်တန်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်သီတာဝင်းစံမှ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ဝင်ငွေတိုးလုပ်ငန်းများတွင် ပိုမိုတွင်ကျယ်စွာဆောင်ရွက်လာနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်လမ်းများပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သည့်အထိ ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ကျေးလက်ဒေသတွင်နေထိုင်ကြသော အလုပ်အကိုင်ရှာဖွေနေသည့် ကျေးလက်နေလူငယ်၊ လူရွယ်များ၊ အမျိုးသား၊ အမျိုးသမီးများ၊ အတန်းပညာအား အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်မသင်ကြားနိုင်သော ကျေးလက်နေလူငယ်များ (ကျေးလက်ဒေသရှိ မသန်စွမ်းသော လူငယ်၊ လူရွယ်များ၊ အမျိုးသား၊ အမျိုးသမီးများ ထည့်သွင်းစဉ်းစားပေးရန်) သင်တန်းတက်ရောက်ပြီးပါက သင်တန်းမှရရှိသည့် အတတ်ပညာများအား လက်တွေ့ပြန်လည်အသုံးချနိုင်ရန်နှင့် တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်ရန်၊ စိတ်ဆန္ဒပြင်းပြသော ကျေးရွာသူ၊ ကျေးရွာသားများအား အဓိကဦးတည် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား(၁၅)ဦးဖြင့် ဇူလိုင်လ(၂)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ ရက်(၃၀)ကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)