နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးစေရန် တာဝန်ရှိသူများနှင့်တွေ့ဆုံ

တပ်ကုန်း ဇွန် ၃

ဓနပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးစေရန်ရည်ရွယ်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းကို ဇွန် ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်၊ ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းရဲနန္ဒာစိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျေးချောင်းကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ဦးစွာ ဦးဇေယျာလင်းက ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သည့် ကျေးချောင်းကျေးရွာအုပ်စု၊ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အရေအတွက်နည်းပါးနေသေးသော်လည်း သတ်မှတ်ထားသည့် ကျောင်းသားဦးရေ ပြည့်မီအောင် လက်ခံဆောင်ရွက်သွားနိုင်ရေး၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအချို့ ပြင်ပအဆောင်များ၊ ဘုန်းတော်ကြီးကျောင်းများ တည်းခိုနေသည့် ကျောင်းသားများလည်း ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ကြားနိုင်ရေး၊ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ဆင်းရဲချို့တဲ့သည့် ပညာသင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေးကိစ္စရပ်များအား ထောက်ပံ့ပေးနိုင်ရေးအတွက် အကူအညီပေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် ဆရာစံရပ်ကွက်၊ မဟာဇနက စာသင်တိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝဏ္ဏရဟအား ဖူးမြှော်ကြည်ညိုခဲ့ပြီး သင်္ကန်းနှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် ကျေးချောင်းကျေးရွာ အုပ်စု၊ သော်တာကျေးရွာအခြေခံပညာအထက်တန်းကျောင်း(MRTV)ကျောင်းဝင်းအတွင်းရှိ ၂၀၂၄ -၂ဝ၂၅ ပညာသင်နှစ် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတတ်ပညာရပ်များကို စနစ်တကျလေ့လာသင်ယူကြရန်၊ အချိန်ကိုတန်ဖိုးထားရန်၊ အခက်အခဲများကျော်ဖြတ်နိုင်မှ ဘဝအောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ အတတ်ပညာရပ်များ ကြိုးစားကြရာတွင် အခက်အခဲများရှိသော်လည်း ပညာတတ်ကြီးဖြစ်အောင် ကြိုးစားသင်ယူရန် ဆွေးနွေးမှာကြားခဲ့ပြီးနောက် အေးချမ်းသာစံပြကျေးရွာတွင် ကျေးရွာပိုင် စက်ရက်ကန်းစင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ စက်ရက်ကန်းလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်