ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု (၁) (၂) စသည့် ထူးချွန်ဆုရရှိသူများအား ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုဇင်သန့်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များကလည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက ယဉ်တစ်ကိုယ်မယ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုဇင်သန့်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဒေါက်တာရွှေစင်အိ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)