ရွှေစည်းခုံစေတီတော်ကြီး၏ ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရံစေတီ(၄)ဆူနှင့် အထက်ပစ္စယံရှိ ရွှေမိုက်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသည့် လေလံပွဲကျင်းပ

ညောင်ဦး ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီးအားလုံး တော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်လျှက်ရှိရာ ကျန်ရှိနေသော ရွှေစည်းခုံစေတီတော်၏ ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊အရံစေတီ(၄)ဆူနှင့်အထက်ပစ္စယံရှိ ရွှေမိုက်များအား ဈေးပြိုင်လေလံစနစ်ဖြင့် လေလံပွဲရောင်းချခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေစည်းခုံစေတီတော် အင်္ဂါထောင့်မဏ္ဍပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့် ကရွှေမိုက်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရွှေစည်းခုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁)မှ ရွှေမိုက်လေလံစည်းကမ်းချက်များအား ရှင်းလင်းပြောကြားရာ ရွှေမိုက်လေလံပွဲသို့ တက်ရောက်လာကြသူများက မရှင်းလင်းသည်များအား ဆွေးနွေးမေးမြန်းကြရာ ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းကြသည်။ ပြီးနောက် ရွှေမိုက်လေလံပွဲအား စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတအားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအားမျက်ပါးရွှေဆိုင်း (၂၆၀၀၀) ဖြင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း