တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု” ခေါင်းစဉ်၊ ရွှေမြို့နယ် မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်ခိုင်ဦးက “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်မှုခင်းကျဆင်းရေး” ခေါင်းစဉ်တို့ဖြင့်  အသီးသီး ဟောပြောခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်