ကျိုက်ထို ဇူလိုင် ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းတွင် ကော့ထင်းကျေးရွာ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ကော့ထင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၂၅)၊ ဦးပိုင်အမှတ်(၇၂/၁-က )၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဗိုလ်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးဇော်ဇော်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ ရှစ်တန်းသွား မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးရာ၌ရရှိမည့် အကျိုးကျေးဇူးများ၊ လိုအပ်သည့် နည်းပညာပံ့ပိုးပေးနိုင်မှုများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Seeder) များကို အခမဲ့ ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)