စစ်တွေ ဇူလိုင် ၂
ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာခြံဝင်းနှင့် ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ဆောင်ရွက်ကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဘိုးဘွားရိပ်သာခြံဝင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များအား အသင်း၊ အဖွဲ့များနှင့်ဌာနဆိုင်များကို ပေးအပ်ကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးမည့် သတ်မှတ်နေရာများတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မဟော်ဂနီပင်အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က စိန်ပန်းပင်အားလည်းကောင်းစိုက်ပျိုးပေးကြပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများက သတ်မှတ်ထားသော သစ်ပင်များအား အသီးသီးစိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သစ်ပင်စိုက်ပျိုးပွဲသို့တက် ရောက်လာကြသူများမှ သစ်ပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်စိန်ပန်း၊ မဟော်ဂနီ၊ ရေတမာ၊ မန်ဂျန်ရှား၊ စိန်တံခြူစသည့် သစ်ပင်ပေါင်း ၂၅၀ ပင်ကိုစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ကျောင်းတိုက်ခြံဝင်းအတွင်း မြန်မာအမျိုးသမီးနေ့အကြိုအထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံနေမှု၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ကာ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)