တောင်သာမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

တောင်သာ ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မအေးအေးမော်က “ရှင်သန်တိုးပွား ချစ်ခြင်းတရား” ခေါင်းစဉ်ဖြင့် ချစ်ခြင်းမေတ္တာ ဆိုတာ ဘဝထဲမှာအမြဲရှိနေတဲ့ ရာသီဥတုပါ။ နှလုံးသားထဲက ရာသီဥတုလေးပါကိုလည်းကောင်း၊ မနှင်းအိခိုင်က “အမှတ်တရအချိန်များ” ခေါင်းစဉ်ဖြင့် ရင်သွေးတစ်ဦးကို ချစ်ရတာ စက်ဝိုင်းလို အလုပ်တစ်ခုဖြစ်ပါတယ်။ သင်ကပိုပေးလေ ပိုပြီးရလေဖြစ်ပြီး၊ ပိုပြီးရလေ ပိုပြီးပေးလိုစိတ် ဖြစ်လေပါပဲ ဖြစ်ကြောင်းကို လည်းကောင်း၊ မောင်ဒီဒီတာက “သန်းခေါင်ယံဖုန်းခေါ်သံ” ခေါင်းစဉ်ဖြင့် လူသားတစ်ဦးရဲ့ ရှေးအကျဆုံး လိုအပ်ချက်တစ်ခုက ညတိုင်း သင်အိမ်ကို ပြန်မလာရင် သင်ဘယ်ကိုရောက်နေသလဲဆိုတာ ပူပန်တတ်တဲ့သူရှိဖို့ပဲ ဖြစ်ပါကြောင်းကို လည်းကောင်း “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ပါ ခေါင်းစဉ်များ အလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ  ဦးရဲဝင်းအောင်က ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင်များအား ကျေးဇူးတင်စကား ​ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)