ငါန်းဇွန် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက် (၈) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ် အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့သည်။
ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ခင်သူသူဝင်းနှင့် ဝန်ထမ်းများမှ ယနေ့နံနက် (၈) နာရီ အချိန်မှစ၍ မြို့ပေါ်(၄)ရပ်ကွက်ရှိ မွေးစမှ(၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ- မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်ဘိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်များတွင် စနစ်တကျ မှတ်တမ်းရေးသွင်းပေးခဲ့ကြောင်း သိရသည်။ ယင်းပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအပြင် နီးစပ်ရာကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပြင် မြို့နယ်သို့အဝေးမှရောက်ရှိနေသည့် ဧည့်သည်ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကိုလည်း ကာကွယ်ဆေးထိုးရက် မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့ကာကွယ်ဆေးထိုးနှံသူ ကလေးငယ်(၁၄၄)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၂၇)ဦးဖြစ်၍ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်းမှာ (၁၇၁) ဦး လာရောက်၍ ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။
ကိုကိုနိုင် (ပြန်/ဆက်)