တောင်ကြီး ဇူလိုင် ၂
နှစ်စဥ်ဇူလိုင်လပထမပတ်စနေ့နေကို အပြည်ပြည်ဆိုင်သမဝါယမနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံက သတ်မှတ်ပေးခဲ့ပြီး ကမ္ဘ့ာ့နိုင်ငံအသီးသီးတွင် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားများ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ပြည်နယ်သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၊ မြတ်ဘုန်းရောင်ခန်းမ၌ (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ကြိုဆိုဂုဏ်ပြုပွဲကျင်းပသည်။
၁၀၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဂုဏ်ပြုအခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောအောင်က ယခုနှစ်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၏ ဆောင်ပုဒ်မှာ Cooperative Build a Better for All အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက် ပေး ပဲဖြစ်ပါကြောင်း၊ စုပေါင်းဆောင်ရွက်သည့် သမဝါယမ အသင်းများမှာ သမဝါယမကျင့်ဝတ် (၄) ရပ်ဖြစ်သည့် ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်းနှင့် အများအကျိုးကို အလေးထားခြင်းအပြင် သမဝါယမအနှစ်သာရ(၆)ရပ်ဖြစ်သည့် ကိုယ့်အား ကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန် ယူဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံး ညီညွှတ်ခြင်းတို့နှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန အနေဖြင့် သမဝါယမလုပ်ငန်းများဖြစ်သည့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုသမဝါယမအသင်းများအား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ လူမှုစီးပွားရေး တည်ဆောက်မှုလုပ်ငန်းများ တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဒေါ်ခင်ညိုက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဂုဏ်ပြု သဝဏ်လွှာကိုဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယနှစ်မှဆုရရှိများနှင့် ပထမနှစ်မှဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်တို့က အသီးသီး ဆုများချီးမြှင့်ပေးကြသည်။
ထို့နောက် ပြည်နယ်သမဝါယ မစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အတွက် ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးမျိုးသန့်တို့က ထောက်ပံ့ငွေများပေးအပ်ရာ သင်တန်းကျောင်းတာဝန်ရှိသူများမှ အသီးသီးလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ကခန်းမအတွင်း ခင်းကျင်းပြသထားသော ရှမ်းပြည်နယ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)