ပင်းတယမြို့နယ်၊ ကျုံး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပင်းတယ ဇူလိုင် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊  ကျုံးအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံအရင်းအမြစ်များဖြစ်ကြသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်(၃)ရပ်ထဲမှ ဦးတည်ချက်တစ်ရပ်ဖြစ်သည့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုတဲ့အချက်အတိုင်း ယနေ့လူငယ်များသည်  ဗလငါးတန်ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလများနှင့် ပြည်စုံဖို့လိုအပ်ပါကြောင်း၊ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များအသိပညာဗဟုသုတများစွာရရှိလာမည်ဖြစ်သလို ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးအေးမော်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဝမ်းမြှောက်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိဒေါ်မိုးမိုးထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျုံးအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယာဉ်စည်းကမ်း၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့်စာပေ၊  လူငယ်နှင့်မူးယစ်ဆေးအစရှိသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)