ချမ်းမြသာစည် ဇူလိုင် ၂
မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်း ပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၃) မူလတန်းလွန်ကျောင်းနှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်တာဝန် (၃) ရပ်၊ ကလေးအလုပ်သမားခိုင်းစေမှု၏ နောက်ဆက်တွဲ အကျိုးဆက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကို စာကြည့်တိုက်ခန်းမ၌ အခြေခံပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်းပြသထားသော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၂၃) မူလွန်ကျောင်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့