ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

တောင်ကြီး ဇူလိုင် ၂

ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွားလုပ်ငန်းကို အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် ယခုကဲ့သို့ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်နိုင်ရေးအတွက် ဘဏ္ဍာငွေများ ထည့်သွင်းလျာထားစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်ကြီးမြို့တွင် ဟိုတယ်/တည်းခိုရိပ်သာ စုစုပေါင်း(၅၂)လုံး၊ အခန်းပေါင်း(၁၇၁၉)ခန်း၊ ဝန်ထမ်းပေါင်း(၈၆၇)ဦး ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အနက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်ရခြင်း မရှိသေးသည့် ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများသာမက စည်ပင်သာယာရေးဌာနအောက်ရှိ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များမှ ဝန်ထမ်းများလည်း ပါဝင်ပါကြောင်း၊ ၎င်းတို့အနေဖြင့် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ယခုကဲ့သို့ သင်တန်းများတွင် ပါဝင်တက်ရောက်ခြင်းဖြင့် အကျိုးရှိစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ဟိုတယ်ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊ ဟိုတယ်အိပ်ခန်းဆောင် ဝန်ဆောင်မှုသင်တန်းနှင့် အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၁၂၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)