ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေး

တံတားဦး ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ညနေ(၄)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်တွင် စတင်တိုက်ကျွေးကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးရာသို့ တံတားဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းတိုက်ကျွေးကြသည်။

တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်ကွက်ကို အဖွဲ့ငယ်ပေါင်း(၂၄)ဖွဲ့ဖြင့် တိုက်ကျွေးကြောင်း အဆိုပါ အဖွဲ့ငယ်တစ်ဖွဲ့လျှင် ကြီးကြပ်သူဌာနဆိုင်ရာ(၁)ဦး၊ ကျန်းမာရေးဝန်ထမ်း(၅)ဦး၊ ရာအိမ်မှူး (၁)ဦးနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်ပါကြောင်း၊ တစ်ဖွဲ့ကိုအိမ်ထောင်စု(၁၀)အိမ်ရှိ မိသားစုဝင်များအား ဆေးပြား(၄)ပြားနှုန်းဖြင့် တိုက်ကျွေးပါကြောင်း၊ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို အသက်(၂)နှစ်မှ(၅)နှစ်ထိ ကလေးငယ်များကို  သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါ ဆေးပြား(၁)ပြား စုစုပေါင်း(၂)ပြား၊ အသက်‌(၆)နှစ်မှ (၁၄)နှစ်ရှိသူများကို သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါဆေးပြား(၂) စုစုပေါင်း(၃)ပြား၊ အသက်(၁၅)နှစ်ထက်ရှိသူများကို သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါ ဆေးပြား(၃)စုစုပေါင်း (၄)ပြားတိုက်ကျွေးပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ ရောဂါတစ်ခုခုကို ဆိုးရွာစွာ ခံစားနေသူမှအပမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံး ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှ ကင်းဝေးရေးအတွက် ရည်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)