အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တို့ပူးပေါင်း၍ လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ ဇူလိုင် ၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တို့ပူးပေါင်း၍ လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)ရှိခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု လူငယ်စကားဝိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ဆရာမဒေါ်ခင်ငြိမ်းထွေးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ကျောင်းသူများဖြစ်သည့် မောင်တိုးတက်ထူးဝေ၊ မောင်ပိုင်ဇင်ကျော်၊ မောင်ဟန်ဘုန်းမြင့်၊ မခိုင်ဇာလင်းနှင့် မရတီဦးတို့က အခြေခံစဉ်းစားတွေ့ခေါ်မှု၊ ပွင့်လင်းမြင်သာမှု၊ ရှက်ရွံ့ခြင်းနှင့်အဂတိလိုက်စားမှုကို ဆန့်ကျင်ခြင်း၊ နိုင်ငံ့သားကောင်းဖြစ်ခြင်းနှင့် လူ့အဖွဲ့အစည်းအပေါ် တာဝန်ယူမှုရှိခြင်းစသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်ထံသို့ ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့်ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                                                 

သိန်းမြင့်ကျော်(မိတ္ထီလာ)