ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိအညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ  ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ‌ကျောင်းသား/သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးညွန့်တို့က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၆၅) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးဒုရဲမှူး ဇော်ဇော်စိုးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်ပေါ်စေရန်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေးဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်အမှတ်(၆၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက လက်အချက်ပြသမှုအားသရုပ်ပြသခဲ့ပြီး တပ်ဖွဲ့စုမှူးက ပြန်လည်ရှင်းလင်းပြသကာ ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးမောင်မောင်ဇော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးဆန်း၊ အမှတ်(၆၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးဒုရဲမှူး ဇော်ဇော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းနှင့်ဆရာ/ဆရာမများ ကျောင်း သား/သူ(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း