မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အုန်းချောသီတဂူ စက္ခုဒါနဆေးရုံ ပြန်လည်ဖွင့်လှစ် လူနာများကိုအခမဲ့ကုသပေး

မန္တလေး၊ နိုဝင်ဘာ ၁၆

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် ပြည်ပမှပြန်လာသူများကို စောင့်ကြည့်သည့် Quarantine ဌာနအဖြစ် အသုံးပြုခဲ့သည့်အတွက် အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ခေတ္တရပ်နားထားခဲ့သည့် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အုန်းချောရွာ သီတဂူစက္ခုဒါနဆေးရုံကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပြန်လည်ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

" ကိုဗစ်ကာလဖြစ်နေတော့ ဖျားလို့ရှိရင် ဆေးခန်းတွေပြဖို့ အဆင်မပြေဘူး။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေ ဆင်းရဲနွမ်းပါးတဲ့သူတွေ နေမကောင်းတာ၊ ရောဂါဖြစ်တာဘဲဖြစ်ဖြစ် အခမဲ့ကုသပေးနိုင်ဖို့ပါ။ ကိုဗစ်ကာလ ဝင်ငွေမရှိတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ အားကိုးစရာတစ်ခုဖြစ်အောင် ရည်ရွယ်ပြီး ပြန်ဖွင့်ထားတာပါ။ ဖျားနာတာဘဲဖြစ်ဖြစ် တခြားရောဂါဘဲဖြစ်ဖြစ် အခမဲ့ကုသပေးပါတယ်။ " ဟု အုန်းချောသီတဂူဆေးရုံ၏ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရက မိန့်ကြားသည်။

အုန်းချောသီတဂူစက္ခုဒါနဆေးရုံ၌ အပတ်စဉ် ကြာသာပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ စ၍ ညနေ ၄နာရီအထိ မျက်စိနှင့် အထွေထွေရောဂါများအား အခမဲ့စမ်းသပ်ကုသပေးလျက်ရှိပြီး မျက်စိနှင့်အထွေထွေရောဂါ အခမဲ့ကုသပေးမှုများအပြင် သွေးချို၊ ဆီးချို စစ်ဆေးမှုများ၊ HIV ရောဂါ စစ်ဆေးမှုများနှင့် Minor Case အဆီကျိတ်ခွဲစိတ်မှုများလည်း အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။

ယင်းဆေးရုံကို သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ၏လမ်းညွှန်မှုနှင့်အညီ ၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ မျက်စိကုသမှုများကို အခမဲ့ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အထွေထွေရောဂါများအခမဲ့ကုသပေးခဲ့ပြီး သွားနှင့်ပတ်သက်သည့်ရောဂါများနှင့် သွားညှိခြင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစတင်၍ ကုသပေးလျက်ရှိရာ ယခုတွင် သွားနှင့်ပတ်သက်သည့်ရောဂါများနှင့် သွားညှိခြင်းများ ခေတ္တရပ်နားထားကြောင်း သိရသည်။

အထွေထွေရောဂါများ ကုသနိုင်ရန်နှင့် မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခြင်းအတွက် မျက်စိအလင်းဒါနပြုလိုသူများအနေဖြင့် အုန်းချောသီတဂူစက္ခုဒါနဆေးရုံ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရ (Ph.D) ဖုန်း ဝ၉-၇၇၇၇၅၂၉၄၅ သို့ ဆက်သွယ်ကာ ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထိပ်ထားနိုင်