လားရှိုးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

လားရှိုး ဇူလိုင် ၂

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဓါတ်ပုံပြိုင်ပွဲ ၊စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက Community Centre ရှိဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့က “သမိုင်းဝင်သော မြန်မာ အမျိုးသမီးများအကြောင်း”  ခေါင်းစဉ်ဖြင့် ဟောပြောသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ဆုရကျောင်းသား၊ ကျောင်းသူများနှင့် “အမျိုးသမီးများစွမ်းဆောင်မှု လူမှုဘဝအကျိုးပြု” ရောင်စုံဓါတ်ပုံပြိုင်ပွဲတွင် အထူးဆု(၁)ရရှိခဲ့သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)