ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

အမရပူရ ဇူလိုင် ၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာ ရပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံး အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခ ချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ ဒုတိယကျောင်းအုပ်ကြီး ဦးသီဟအောင်၊ အားကစားနှင့်ကာယပညာ ဦးစီးကော်မတီဉက္ကဋ္ဌနှင့် ဘောလုံးပြိုင်ပွဲဆပ်ကော်မတီဉက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်း၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဉက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲစဉ်တွင် ဉပဒေပညာအသင်းနှင့် သင်္ချာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဉပဒေပညာအသင်းက သင်္ချာအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တတိယဆုရ ရုက္ခဗေဒအသင်းနှင့် ဒုတိယဆုရ သင်္ချာအသင်း တို့အား ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ ဒုတိယကျောင်းအုပ်ကြီး ဦးသီဟအောင်တို့က တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာက ပထမဆုရ ဥပဒေပညာအသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)