အမရပူရ ဇူလိုင် ၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပညာပြည့်ဝနှလုံးလှ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရတနာပုံတက္ကသိုလ် စစ်တုရင်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာစုစုဝင်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာစုစုဝင်းက စကွက်ရွှေ့ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဇူလိုင် ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင် ၅၂ ဦးတို့သည် ၂၀၀ဝ ခုနှစ် (FIDE LAW OF CHESS) ဥပဒေနှင့်အညီ ပြိုင်ပွဲကို (Swiss System) ဖြင့် (၇)ပွဲ ကစားရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အသင်းလိုက်အရောပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)