ကျောက်ဆည် ဇူလှိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်းစိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်ပျိုးပင်များပျိုးထောင်ထားရှိပြီး ဒေသအတွင်းစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိရာ "ဒေသတွင်းစိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန်အတွက် ကျွန်း၊ လျှော်ဖြူ၊ တမာ၊ မယ်ဇလီ၊ မယ်ဇယ်၊ ရေတမာ၊ စိန်ပန်း၊ သစ်ဆိမ့်၊ ပင်လယ်ကဗွီ၊ ခရေ၊ အာသောက၊ ငုရွှေဝါ စသည့်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင်လည်း ဒေသတွင်းစိုက်ပျိုးရန်အတွက် ပျိုးပင်အရေအတွက် (၅) သောင်း ပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် မြောက်ရဒါန်းချောင်းဆုံ သစ်တောကြိုဝိုင်းအတွင်း၌ ကျေးရွာထင်းစိုက်ခင်းအဖြစ် ယူကလစ်ပျိုးပင်များနှင့် ရှားပင်ပျိုးပင်များကိုလည်း ပျိုးထောင်ထားရှိပြီး စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)