သံဖြူဇရပ် ဇူလိုင် ၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သုတေသီဘုန်းမြင့်သွေးရေးသားသော”ဘဝတန်ဖိုးအမှန်တိုးအောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် “ဘဝတန်ဖိုးအမှန်တိုးအောင်” စာအုပ်ပါ အကြောင်းအရာများမှ လူသားနှင့်ဘဝတန်ဖိုး၊ ဘဝတန်ဖိုးနှင့်လူ့ကျင့်ဝတ်၊ စိတ်ညံ့များကိုနှင်ထုတ်ရန်၊ ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့၊ လူ့ဘဝဆက်ဆံရေးအရေးကြီး၏၊ ဘဝပျက်သောအရက်၊ လူမိုက်လားဟေ့ဝေးဝေးရှောင်၊ လူကဲခတ်ခြင်း စသည့်အကြောင်းအရာများကို စာပေဝါသနာရှင် ကျောင်းသား(၃)ဦးတို့က ဦးဆောင်၍ ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသည့် စာပေဝါသနာရှင် ကျောင်းသားများမှ စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်စာပေဝါသနာရှင်များမှ စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိဖြင့် လူအများအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)