တာချီလိတ် ဇူလိုင် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းစံပြကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းတွင် တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်ဦးမှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိသားစု ဝင်ငွေရရှိစေရန်နှင့် သွင်းကုန်အစားထိုး လူသုံးကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ၁-၇-၂၀၂၄ ရက်မှ ၅-၇-၂၀၂၄ ရက်နေ့အထိ ၅ ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး၊ စိတ်ပါဝင်စား၍ လေ့လာသူ ၁၀ ဦး စုစုပေါင်း ၃၀ ဦးတို့အား အိမ်သုံးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ စသည့်ဆပ်ပြာပြုလုပ်နည်းများအပြင် ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်၊ ပရုပ်ဆီ စသည်ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးအစားပေါင်း (၁၃) မျိုးအား နည်းပြဆရာမ ဒေါ်သီသီစိုး (ဦးစီးအရာရှိ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန) မှ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးမြောက်ပါက တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများပြုလုပ်လိုပါက ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်