ပုလော ဇူလိုင် ၂
ပုလောမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ပုလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများက ယမန်နေ့ ညနေ ၃ နာရီ က ပုလောချောင်းအနီးတွင် မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဇင်ထိုက်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော မိုးလေဝသသတင်း အခြေအနေများကို စဉ်ဆက်မပြတ်နားထောင်ခြင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းအခြေအနေ အရောင်အဆင်းသတ်မှတ်ချက်ပြောင်းလဲမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာခြင်း၊ မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး လိမ္မော်ရောင်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်ဟု သတင်းရရှိပါက မုန်တိုင်းဒဏ်ခံအဆောက်အဦသို့ ပြောင်းရွှေ့ကြရန်ကြေညာခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကလေးမိခင်များ၊ မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ မုန်တိုင်းဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ရန်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား အသုံးပြု၍ ရေပြင်အသက်ကယ်ခြင်းကို ဇာတ်တိုက်သရုပ်ပြခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)