ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲနှင့် ဟောပြောပွဲ တက်ရောက်

စစ်တွေ ဇူလိုင် ၁

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လမ်းမကြီး၊ နာရီစင်အဝိုင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာမြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲကို နာရီစင်အဝိုင်း၌ကျင်းပရာ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုဟောပြောပွဲအခမ်းအနား တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်မှစ၍ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်များနှင့် လေးစားဂုဏ်ယူဖွယ်ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့်အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများသည် လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကိုလှပအောင် ဖန်တီးသူဥယျာဉ်မှူးများဖြစ်ခြင်းကြောင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပုံသွင်းထုဆစ်ပေးကြသည့် ဗိသုကာပညာရှင်များဖြစ်ကြကြောင်း၊ ထို့ကြောင့် မိသားစု၊ လူ့အဖွဲ့အစည်းများကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီး၊ အမျိုးသားအားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးထုကြီး၏ အင်အားဖြင့် အကောင်အထည်ဖော်ကြရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ရန်အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ စစ်တွေတက္ကသိုလ်ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဥမ္မာစမ်းက မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြုဟောပြောပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟောပြောပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆရာတော်သံဃာတော်များကို ဖူးမြော်ကာ နန္ဒာရာမပရိယတ္တိစာသင်တိုက်ပဓာန နာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အမှူးပြုသော သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)