ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ဖလား) မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အသင်းဗိုလ်လုပွဲသို့ တက်ရောက်

တာချီလိတ် ဇူလိုင် ၁

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို တောင်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကျင်းပခဲ့ရာ အကြိုဗိုလ်လုပွဲတွင် တာချီလိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းမှ လာရှိုးမြို့နယ်အသင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အုပ်စုပွဲစဉ်များကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကွာတားဖိုင်နယ်တွင် တာချီလိတ်မြို့နယ်အသင်းမှ ပင်းတယမြို့နယ်အသင်းကို ၅ ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ဆီမီးဖိုင်နယ်တွင် တာချီလိတ်မြို့နယ်အသင်းမှ လာရှိုးမြို့နယ်အသင်းကို ၃ ဂိုး- ၁ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှု၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ အနီးကပ်ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြိုင်ပွဲဝင်အမျိုးသမီး ဘောလုံးအားကစားသမားများမှ ထူးချွန်ထက်မြက်၍ စွမ်းရည်ပြည့်ဝသော အကောင်းဆုံးလက်ရွေးစင် အားကစားသမားများ ရွေးချယ်ထားပြီး တာချီလိတ်မြို့နယ် ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရာမှ ဗိုလ်လုပွဲကို ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းတွင် ညောင်ရွှေမြို့နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)