နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁)အလတ်စား လယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ လယ်ယာစိုက်ပျိုးရေး စက်ကိရိယာများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ဖြင့်တွဲဖက်၍ အခြောက်ထယ်ရေး စပါးအစေ့ချကိရိယာများ၊ စပါးမျိုးဗန်း ပြုလုပ်ရန် မြေမှုန့်ကြိတ်နေမှုများနှင့် အလုပ်ရုံအတွင်းရှိ လယ်ယာသုံးစက်ကိရိယာများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် အခြောက်မျိုးစေ့ချကိရိယာများ၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ စပါးအစေ့ချကိရိယာများဖြင့် စိုက်ပျိုးမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း မိုးစပါး စိုက်ဧကများကို စိုက်ပျိုးရာသီတွင် ရာနှုန်းပြည့် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ စက်ကိရိယာများ စက်စွမ်းအားပြည့်ဖြင့် လျာထားဧကများကို ပြည့်ဝစွာ စိုက်ပျိုး နိုင်ရေး၊ မိုးစပါးစိုက်ပျိုးရာသီတွင် အချိန်မီရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)