မိုင်းယန်း ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်၊ စံပြစမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက မျိုးစေ့ထုတ်၊ စံပြစမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရခြင်းအကြောင်းအရာများကို အသိပညာပေးရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များက ဓာတ်မြေဩဇာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ သက်ဆိုင်ရာတောင်သူများက လက်ခံရယူခဲ့ကြသည်။ ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ခြင်းအပေါ် မိုင်းလွေကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်မှ တောင်သူအားလုံးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး