မိုင်းဆတ်မြို့နယ်၊ ကောင်းမှုလျှံကျောင်းတိုက်၌ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် ဇူလိုင် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ကောင်းမှုလျှံကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်၍ ရောင်ခြည်တော်ဘွဲ့ဘုရားပင့်ဂါထာတော်ကို ကောင်းမှုလျှံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသ အရှင်သူမြတ်က ရွတ်ဖတ်ပူဇော်ကာ မြို့နယ်ဝိနည်းဓိုရ်အဖွဲ့ ဓာတ်စွမ်းဟုန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတ ဂန္ထဝါစက ပဏ္ဍိတ အရှင်သူမြတ်က ဘုရားရှိခိုးဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်နှင့် ဇနီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမြင့်နှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် လောကချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိဓဇက နတ်၊ ဗြဟ္မာများ ပင့်ဖိတ်၍ ဥပ္ပါတသန္တိ ပါဠိတော်အား စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ဇူလိုင်လ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ ရက်သတ္တပတ်(၅)ရက်ကြာ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)