သုံးခွမြို့နယ်၌ မွေးကင်းစမှ (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

သုံးခွ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ(၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်သက်ထားမြင့်နှင့် ဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊   ပိုလီယိုကာကွယ်ဆေး၊   ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊. မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်(၁)ရက်နေ့မှ(၂)ရက်နေ့အထိ ထိုးနှံ‌ပေးလျက်ရှိပြီး  ကျန်ရက်များတွင်ရပ်ကွက်နှင့်‌ ကျေးရွာများရှိ ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)