ကျောက်ဆည် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများ၊ ရေကျအဆောက်အအုံများ၊ မြောင်းဘောင်စသည်တို့အား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးခြင်း၊ အသစ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး အောက်လင်းဇင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် ပုန်းညက်ကျေးကျေးရွာအနီးမှ အောက်လင်းဇင်းမြောင်း၏ ပေတိုင်အမှတ်(-၂+၇၅၀)နေရာမျာတွင် တည်ရှိပြီး ရေကျအဆောက်အအုံသည် နှစ်ကာလကြာမြင့်သောကြောင့် ရေအဝင်ပိုင်းနှင့် ရေအထွက်မြေကာနံရံများ ပျက်စီးကာ မြောင်းဘောင်ရေတိုက်စားပျက်မည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြန်လည်ပြုပြုပေးရခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြုပြင်းပေးရာ၌ ရေကျအဆောက်အအုံ၏ အထက်ဘက်ဝဲ R/W(၅၀)ပေ၊ အောက်ဘက်ဝဲ၊ ယာ R/W(၄၀)ပေ၊ ကွန်ကရစ်လိုင်နင် ဝဲ/ယာ(၄၀)ပေ၊ အောက်ဘက်ဝဲ/ယာလိုင်နင်(၂၅)ပေ၊ အကျယ်(၁.၅)ပေ၊ အမြင့်(၅)ပေတို့အား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၂၉)ကျပ်သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက အောက်လင်းဇင်းမြောင်းမှ သီးနှံမျိုးစုံ(၁၃၀၀)ဧကမှ စိုက်ပျိုးသီးနှံများရေပေးဝေရာတွင် ရေအလေအလွင့်နည်းပါးစွာဖြစ် အချိန်နှင့် တစ်ပြေညီအောင်မြင်စွာပေးဝေနိုင်မည်ဖြစ်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)