မွန် ဇူလိုင် ၁
မွန်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ (၉၀၀၀၀၀)ကျော် ဝင်ရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင် နှုန်းတိုးတက်ခဲ့ရာ ပြည်ပခရီးသွားများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဝင်ရောက်ခဲ့သည်။
မွန်ပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဟိုတယ်လုပ်ငန်းလိုင်စင်များ၊ ခရီးစဥ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လအလိုက်ရာသီပွဲတော်များ၊ ခရီးသွားမြှင့်တင်ရေးနှင့်ခရီးစဥ်ဒေသအသစ်များကို ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အများဆုံးဝင်ရောက်လည်ပတ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ကျိုက်သလံစေတီတော်၊ တောင်ဝိုင်းတောင် ၊ ကျိုက္ခမီရေလယ်ဘုရား ၊ အတောင် (၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး(ဝင်းစိန်တောရ)၊ စက်စဲကမ်းခြေ၊ ဇင်းကျိုက်ရေတံခွန်၊ ဆင်ရွာရေတံခွန်စသည့်နေရာတို့တွင် ခရီးသွားဧည့်သည်များမှ အများဆုံးဝင်ရောက်လည်ပတ်ကြသည့် နေရာများဖြစ်ကြောင်း၊ ပွင့်လင်းရာသီမှစ၍ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ မတ်၊ နိုဝင်ဘာလများတွင် ခရီးသွားဧည့်သည် အများဆုံးလာရောက်ကြသည့်လများဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ တည်းခိုရန်အဆင်ပြေစေရေးအတွက် ကိုဗစ် - ၁၉ စည်းမျည်းစည်းကမ်းချက်များနှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေး၊ National Level အဆင့် ဆုတံဆိပ်များ ပေးအပ်ခြင်းအပြင် ဟိုတယ်များတွင် ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဆွေးနွေးပွဲ၊ ဟောပြောပွဲများနှင့် လစဥ်ကွင်းဆင်းစစ်ဆေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် မသန်စွမ်းခရီးသွားဧည့်သည်များပါဝင်ပါကလည်း အဆင်ပြေလည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မွန်ပြည်နယ်တွင် ဟိုတယ်တည်းခိုရိပ်သာစုစုပေါင်း(၈၉)လုံးရှိ၍ အခန်းပေါင်း(၃၁၅၁)ခန်းရှိသည့်အပြင် တိုးမြှင့်ဖွင့်လှစ်နိုင်မည့်အစီအစဥ်များကိုလည်း တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)