ထန်းတပင် ဇူလိုင် ၁
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက စိုက်ပျိုးသွားမည့် ပျိုးပင်များအား ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်သည်။
ထို့နောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ(၃၇၀)ကျော်တို့က မဟော်ဂနီ(၁)ပင်၊ ငုဝါ(၁)ပင်၊ ပိတောက်(၁)ပင်၊ ကံ့ကော်(၃၀ )ပင်၊ စိန်ပန်း(၈၀)ပင်နှင့် ခရေ(၂၂၀)ပင် စုစုပေါင်းပျိုးပင်(၃၃၃)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်